AI တွေကို မျက်စိမှိတ်မယုံပါနဲ့
AI ကထုတ်ပေးတဲ့ အဖြေတိုင်းကို အမှန်လို့ယူဆပြီး copy-paste ဆွဲနေမိတယ်ဆိုရင်တော့ အဲ့ဒီ့အကျင့်ကို ရပ်တန်းကရပ်ဖို့ လိုနေပြီ။
၂၀၂၆ ရောက်ပြီဆိုတော့ လုပ်ငန်းခွင်တွေက AI ကြောင့် တော်တော်လေး ပြောင်းလဲသွားကြပြီ။ AI က ကိုယ်လိုချင်တဲ့ အကြံဉာဏ်တွေကို စက္ကန့်ပိုင်းအတွင်း ပေးနိုင်တယ်၊ အလုပ်တွေကိုလည်း ဆယ်ဆပိုမြန်အောင် ကူညီပေးနိုင်တယ်။ လုပ်ငန်းကြီးတွေမှာဆိုရင် လူတွေနေရာမှာ AI နဲ့အစားထိုးတာတွေ၊ အလုပ်ခေါ်စာတွေမှာ AI ကို မဖြစ်မနေတတ်ထားသင့်တဲ့ skill တစ်ခုအနေနဲ့ ထည့်သွင်းဖော်ပြလာတာတွေကို နေ့စဉ်နဲ့အမျှ မြင်ရနေပြီ။
ဒါပေမဲ့ AI ကလူမှ မဟုတ်တာ။
သူက အချက်အလက်တွေကို ခန့်မှန်းပေးတဲ့ စက်တစ်ခုပဲဖြစ်တဲ့အတွက် အမှားတွေ ပါနိုင်တယ်။ AI ပြောသမျှကို အမှန်လို့ ယူဆပြီး အရေးကြီးတဲ့ decision တွေချမယ်ဆိုရင် ဒါက တာဝန်အရမ်းကြီးတယ်။
AI ဆိုတာ အင်ဂျင်တစ်လုံးလိုပဲ သူကအရှေ့ကို အရှိန်နဲ့သွားနိုင်ပေမဲ့ လမ်းမှန်မမှန်ကိုတော့ ပဲ့ကိုင်ပေးမှာ မဟုတ်ဘူး။ သူပြောတဲ့အဖြေတွေကို မျက်စိစုံမှိတ်ပြီး ယုံလိုက်ရင် လမ်းမှားသွားနိုင်တယ်။ ဒီတော့ AI ကပေးတဲ့ ရလဒ်ကောင်းတွေကို အပြည့်အဝ အသုံးချနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်နဲ့ ပြန်ပြီး smart ကျကျ စစ်ဆေးတတ်ဖို့က ပိုအရေးကြီးတယ်။
ဒီ blog မှာ ပြောပြချင်တာက AI ကိုမသုံးဖို့ မဟုတ်ဘူး။ AI ပေးတဲ့ ကောင်းကွက်တွေကို အပြည့်အဝ ယူတတ်ဖို့နဲ့ သူပေးတဲ့ အချက်အလက်တွေကို double check ဘယ်လို ပြန်လုပ်မလဲဆိုတာကို မျှဝေပေးမှာ ဖြစ်တယ်။
၁။ Source Verification (မြစ်ဖျားခံရာကို ရှာ)
AI ကိုသုံးတဲ့အခါ အရေးအကြီးဆုံးနဲ့ ပထမဆုံး သိထားရမယ့်အချက်ကတော့ သူပြောတဲ့အဖြေတွေရဲ့ source က ဘယ်ကနေလာလဲ ဆိုတာပဲ။
AI ကို မေးခွန်းတွေ မေးလိုက်တဲ့အခါ သူက အရမ်းကို ယုံကြည်မှုရှိရှိနဲ့ သေချာပေါက် မှန်နေတဲ့ ပုံစံမျိုး အဖြေတွေ ပေးတတ်တယ်။ ဒါပေမယ့် သတိထားရမှာက AI တွေဟာ တခါတလေ မရှိတဲ့ အချက်အလက်တွေကို ရှိသယောင်ယောင် ဖန်တီးပြီး လိမ်တတ်ကြတယ်ဆိုတာပဲ။ အဲ့ဒါကို Hallucination ဖြစ်တယ်လို့ ခေါ်တယ်။
အထူးသဖြင့်
- ကိန်းဂဏန်း အချက်အလက်တွေ (Statistics)
- သမိုင်းကြောင်းတွေ
- သုတေသန ရလဒ်တွေ
- ဥပဒေ အကြောင်းအရာတွေ
- ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ
ဒီလို အကြောင်းအရာမျိုးတွေနဲ့ ပတ်သက်လာရင် AI ပေးတဲ့ အဖြေကို တန်းပြီး copy-paste မလုပ်ဘဲ အမြဲတမ်း double check လုပ်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်တယ်။ ၂၀၂၆ မှာ AI တွေက source တွေ ပေးလာနိုင်ပြီဆိုပေမဲ့ အဲ့ဒီ source link တွေက တကယ်ရော အလုပ်လုပ်သလား ဆိုတာ ကိုယ်ကလိုက်နှိပ်ကြည့်ဖို့ လိုတယ်။ ပြီးရင် AI ကထုတ်ပေးတဲ့ အချက်အလက်ကို Primary Sources လို့ခေါ်တဲ့ မူရင်းရှိပြီးသား အရင်းအမြစ်တွေနဲ့ သေချာပေါက် ပြန်တိုက်စစ်ရမယ်။
ဘယ်လိုတိုက်စစ်ရမလဲ?
AI ကပြောတဲ့ ကိန်းဂဏန်းကို ယူပြီး Google Search မှာ ပြန်ရှာကြည့်။ သက်ဆိုင်ရာ အဖွဲ့အစည်းတွေက ထုတ်ထားတဲ့ Official Reports တွေ၊ ယုံကြည်ရတဲ့ သတင်းဌာနတွေနဲ့ အစိုးရ ဝက်ဘ်ဆိုက်တွေမှာ တကယ်ပဲ အဲ့ဒီ အချက်အလက်တွေ ရှိသလား ဆိုတာကို သေချာ ပြန်စစ်ဆေးတာမျိုးပေါ့။
ပြီးရင် တခြား AI တွေသုံးပြီးလည်း အဖြေကို ဆန်းစစ်ကြည့်လို့ရတယ်။ ဥပမာ Gemini ကပေးတဲ့အဖြေကို ChatGPT ဒါမှမဟုတ် DeepSeek ဆီမှာ ပြန်မေးပြီး အဖြေတူမတူ တိုက်စစ်ကြည့်တာမျိုးပေါ့။
အဲ့လို မလုပ်နိုင်ရင်တောင်မှ AI ဆီကနေ အချက်အလက်တစ်ခု ရလာပြီဆိုတာနဲ့ သူ့ကို ဒီမေးခွန်း သုံးခု ချက်ချင်းပြန်မေးကြည့်လိုက်
- "ဒီအချက်အလက်က ဘယ်ကလာတာလဲ?" (Source)
- "ဒီအချက်အလက်က လက်ရှိအချိန်နဲ့ ကိုက်ညီရဲ့လား?" (Recency)
- "တခြား ယုံကြည်ရတဲ့ website တွေမှာရော ဒီအကြောင်းအရာ ရှိသလား?" (Evidence)
တကယ်လို့ AI က ခိုင်လုံတဲ့ link တွေ၊ website နာမည်တွေ မပေးနိုင်ဘူး။ ဒါမှမဟုတ် ပေးတဲ့ link တွေက နှိပ်ကြည့်လိုက်တဲ့အခါ တကယ်မရှိတဲ့ link အသေ (broken links) တွေ ဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒီ အချက်အလက်ကို သတိထားဖို့ လိုနေပြီ။ ကိုယ့်ကို AI က လိမ်ပြောနေတာ ဒါမှမဟုတ် မှားယွင်းတဲ့ အချက်အလက်တွေ ပေးနေတာ ဖြစ်နိုင်တယ်။
ဘာလို့ ဒီလို fact check လုပ်ဖို့ အရေးကြီးတာလဲ?
ဥပမာတစ်ခုပြောရရင် အင်ဂျင်နီယာတစ်ယောက်က အဆောက်အဦးတစ်ခုရဲ့ Structural Calculation တွေကို AI ကို ကူတွက်ခိုင်းလိုက်တယ်ဆိုပါစို့။ AI ကလည်း ဖော်မြူလာတွေ၊ တွက်ချက်မှုတွေ ထုတ်ပေးတယ်။ ဒါပေမဲ့ အဲ့ဒီ့ formula တိုင်းကို မျက်စိမှိတ်ပြီး ယုံလိုက်လို့ မရဘူး။
ဘာလို့လဲဆိုတော့ AI က ကိုယ့်မြန်မာနိုင်ငံရဲ့ မြေပြင်အခြေအနေ ဘယ်လိုရှိလဲ၊ ရာသီဥတု အခြေအနေကရော ဘယ်လိုလဲ ဆိုတာ သေချာ မသိဘူး။ ဒီနိုင်ငံရဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း အပြည့်အဝ နားမလည်နိုင်ဘူး။ သူ့မှာ ထည့်ထားပေးတဲ့ data တွေအတိုင်းပဲ အလုပ်လုပ်မှာ။ ထုတ်ပေးတဲ့ အဖြေက ယေဘူယျအနေနဲ့ မှန်ကောင်းမှန်နိုင်ပေမဲ့ ကိုယ်တို့နိုင်ငံနဲ့ ကိုက်ညီတာမျိုး ဖြစ်ချင်မှ ဖြစ်လိမ့်မယ်။
တကယ်လို့ အင်ဂျင်နီယာက AI တွက်ပေးတဲ့အတိုင်း အမှားကြီးနဲ့ ဆောက်လိုက်ရင် အဆောက်အဦးပြိုကျတာမျိုး ဖြစ်နိုင်သလို၊ အဲ့ဒီအဆောက်အဦးမှာ နေတဲ့သူတွေအတွက်လည်း အကြီးအကျယ် နစ်နာနိုင်တယ်။
AI ကို "လက်ထောက်" လိုပဲသုံး။ အဓိက ဆုံးဖြတ်ချက်ချတာကတော့ လူကပဲချ။ AI ကို ဆုံးဖြတ်ချက် မချခိုင်းနဲ့ ၊ မှားတတ်တယ်။
၂။ The Why Questions (အကြောင်းပြချက်ကို မေး)
AI ရဲ့ အဖြေတွေကို double check လုပ်ဖို့ နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ "The Why Questions" အကြောင်းပြချက်ကို မေးတာပဲ။
ပုံမှန်အားဖြင့် လူတော်တော်များများက AI ကို မေးခွန်းတစ်ခုမေးတယ်၊ သူက အဖြေတစ်ခု ပေးလိုက်တယ်။ အများစုက အဲ့ဒီမှာတင် ကျေနပ်ပြီး ရပ်သွားကြတယ်။ အဲ့လို မလုပ်ရဘူး။
AI က ကိုယ့်ကို အကြံဉာဏ်တစ်ခုပဲဖြစ်ဖြစ်၊ အဖြေတစ်ခုပဲဖြစ်ဖြစ် ပေးလာပြီဆိုရင်
- "မင်းက ဘာလို့ ဒီလို ဆုံးဖြတ်တာလဲ?"
- "ဒီအဖြေကို ရဖို့ ဘယ်လို အဆင့်ဆင့် စဉ်းစားခဲ့တာလဲ?"
ဆိုပြီး သူ့ကို ထပ်မေး။ အဲ့လို မေးလိုက်တဲ့အခါ သူ ဘယ်လို စဉ်းစားပြီး ဖြေထားတယ်ဆိုတာကို AI ကပြန်ပြောလိမ့်မယ်။ အဲ့ကျတော့ ကိုယ်က ဒီ AI ရဲ့ အဖြေနောက်ကွယ်က စဉ်းစားပုံစဉ်းစားနည်း (Logic) ကို သေချာလေး သိနိုင်တာပေါ့။
Critical Thinking (ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်း)
ဒီနေရာမှာ အရေးအကြီးဆုံးက ကိုယ့်ရဲ့ Critical Thinking ပဲ။ AI က သူစဉ်းစားခဲ့တဲ့ Logic ကို ရှင်းပြတဲ့အခါ အကုန်လုံးက အမြဲတမ်း မှန်ပြီး ယုတ္တိရှိနေတာ မဟုတ်ဘူး။ အဲ့ဒီ စဉ်းစားပုံ အဆင့်ဆင့်မှာပဲ ယုတ္တိမရှိတာတွေ၊ အကြောင်းနဲ့အကျိုး မဆီလျော်တဲ့ လွဲချော်မှုတွေ ပါနေတာမျိုးလည်း ဖြစ်တတ်သေးတယ်။ တစ်ခါတလေ AI တွေက အကြောင်းအရာ နှစ်ခုကို မဆီမဆိုင် ဆက်စပ်ပြီး မှန်သလိုလို ဘာလိုလိုနဲ့ ဆင်ခြေပေးတတ်တဲ့ အကျင့်လည်း ရှိတယ်။
အဲ့ဒါကြောင့် AI ကိုမေးပြီးရင် အဖြေတစ်ခုကို လွယ်လွယ်လက်ခံလိုက်မယ့်အစား "ဒီအကြောင်းပြချက်က တကယ်ရော လက်တွေ့မှာ အလုပ်ဖြစ်နိုင်ရဲ့လား" ဆိုတာကို ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ ဗဟုသုတတွေနဲ့ ပြန်ဆန်းစစ်ပြီးမှ အတည်ယူတာ ပိုကောင်းတယ်။
၃။ Bias Awareness (ဘက်လိုက်မှုကို သတိပြု)
AI ကို ထက်မြက်တဲ့ စက်ရုပ်ကြီးလိုမျိုး၊ လုံးဝ ဘက်မလိုက်တဲ့ အရာကြီးလိုမျိုး ထင်ကောင်းထင်ကြလိမ့်မယ်။ ဒါပေမယ့် တကယ်တော့ AI တွေက အင်တာနက်ပေါ်က လူတွေရေးထားတဲ့ data အချက်အလက် သန်းပေါင်းများစွာကို ဖတ်ပြီး train ထားရတာ ဖြစ်တယ်။
လူတွေ ရေးထားတဲ့ data တွေ ဖြစ်နေတဲ့အတွက် လူတွေဆီမှာ ရှိတတ်တဲ့
- အယူအဆ အမှားတွေ
- တစ်ဖက်သတ် အမြင်တွေ
- ယုံကြည်မှုတွေနဲ့ ဘက်လိုက်မှု (Bias) တွေ
ဒါတွေက AI ရဲ့ အဖြေတွေထဲမှာ မသိမသာ ပါလာနိုင်တယ်။ အထူးသဖြင့် သမိုင်းကြောင်းတွေ၊ လူမှုရေးကိစ္စတွေ၊ ဒါမှမဟုတ် အငြင်းပွားဖွယ်ရာ အကြောင်းအရာတွေကို မေးတဲ့အခါ AI ရဲ့အဖြေတွေက အင်တာနက်ပေါ်မှာ data အများဆုံးရှိတဲ့ဘက်၊ ဒါမှမဟုတ် သူ့ကို လွှမ်းမိုးမှု အများဆုံးရှိတဲ့ အမြင်ဘက်ကို ယိမ်းပြီး ဖြေတတ်တယ်။
သတိပြုရမယ့်အချက်
ကိုယ့်စိတ်ထဲမှာ အမြဲတမ်း မှတ်ထားရမဲ့ အချက်က AI ကအဖြေတစ်ခု ပေးလာတိုင်း "ဒါက တကယ်ပဲ ဘက်မလိုက်တဲ့ အဖြေလား၊ မျှတတဲ့ အဖြေလား" ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲပြန်မေးဖို့ပဲ။
AI ပေးတဲ့ အမြင်တစ်ခုတည်းကိုပဲ အကြွင်းမဲ့ ယုံကြည်လိုက်တာမျိုး မလုပ်ဘဲ၊ တခြား ရှုထောင့်တွေကနေကော ဘယ်လိုမြင်နိုင်လဲ ဆိုတာကိုပါ ထည့်သွင်း စဉ်းစားရမယ်။
အချုပ်
AI က ကိုယ့်အလုပ်တွေကို မြန်အောင် ကူညီပေးနိုင်ပေမဲ့ ကိုယ့်ရဲ့ "ဦးနှောက်" နေရာကိုတော့ အစားထိုးနိုင်မှာ မဟုတ်ဘူးဆိုတာ သိထားရမယ်။
ဒါကြောင့် AI ကို tool တစ်ခုအနေနဲ့ပဲ သုံးပြီး final decision ကိုတော့ ကိုယ့်ဦးနှောက်နဲ့ပဲ ကိုယ်ချ။
AI ဆိုတာ ဓားတစ်လက်လိုပဲ။ သုံးတတ်ရင် အလုပ်တွေ အများကြီး မြန်စေပေမဲ့ မသုံးတတ်ရင် ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်စေနိုင်တယ်။
တကယ် AI သုံးတတ်တဲ့သူ ဆိုတာက AI တွေကို ဘယ်လောက်များများ သုံးတယ်ဆိုတဲ့သူ မဟုတ်ဘူး။ AI ကပေးတဲ့ အချက်အလက်တွေကို ဝေဖန်ပိုင်းခြားပြီး အမှန်ဆုံးအဖြေကို ထုတ်ယူနိုင်တဲ့သူ ပဲ ဖြစ်တယ်။

Comments
Post a Comment