ကိုယ်တကယ်ဖြစ်ချင်တဲ့ ဘဝနဲ့ လက်ရှိဖြတ်သန်းနေရတဲ့ ဘဝကြားမှာ ကွာဟနေတယ်လို့ ခံစားနေရလား? ကိုယ်လိုချင်တဲ့ အောင်မြင်မှု၊ ပျော်ရွှင်မှုတွေက တစ်ဖက်ကမ်းမှာပဲ ရှိနေပြီး ဘယ်လိုမှ လှမ်းလို့မမီနိုင်တော့ဘူးလို့ရော တွေးဖူးလား?
ဘာမှမလုပ်ရသေးခင် အရင်စိတ်ပျက်ပြီး အားမလျှော့လိုက်ပါနဲ့ဦး။ အိပ်မက်တွေကို လက်တွေ့ဘဝထဲ ဆွဲခေါ်နိုင်ဖို့ နည်းလမ်းတစ်ခု တကယ်ရှိပါတယ်။ အဲ့ဒါကတော့ အခုနောက်ပိုင်းမှာ အရမ်းခေတ်စားနေတဲ့ Manifestation ပါပဲ။
ဒါပေမဲ့ လူတော်တော်များများက "Manifest လုပ်တယ်" ဆိုတာကို ဘာမှမလုပ်ဘဲ ထိုင်ဆုတောင်းနေရုံနဲ့ လိုချင်တာတွေ အလိုလိုရလာမယ်၊ ဆုတောင်းတိုင်းပြည့်မယ်လို့ ထင်ကြတယ်။ တကယ်တော့ Manifestation ဆိုတာ ထိုင်စောင့်နေရတဲ့ ပညာရပ်မဟုတ်ဘဲ၊ ကိုယ်တိုင်ပါဝင် ဖန်တီးယူရတဲ့ Life-Design နည်းစနစ်တစ်ခုဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဲ့ဒီနည်းစနစ်ကို လက်တွေ့ဘယ်လိုအသုံးချရမလဲဆိုတာကို ကမ္ဘာကျော်စာရေးဆရာမ Roxie Nafousi ရဲ့ Manifest ဆိုတဲ့စာအုပ်ထဲက အဓိကအချက်တွေကို အခြေခံပြီး "How-To" လမ်းညွှန်အဖြစ် မျှဝေပေးသွားမှာပါ။
၁။ ကိုယ်ဘာလိုချင်လဲဆိုတာကို တိတိကျကျ သိပါ (Be Clear in Your Vision)
ပထမဆုံးနဲ့ အရေးအကြီးဆုံးအဆင့်ကတော့ ကိုယ်တကယ် ဘာလိုချင်လဲဆိုတာကို ရှင်းရှင်းလင်းလင်း သိဖို့ပါပဲ။
ဒါကို မုန့်ဟင်းခါးဆိုင်မှာ မုန့်ဟင်းခါးမှာစာတာနဲ့ ဥပမာပေးချင်ပါတယ်။ ရောင်းတဲ့သူကို "မုန့်ဟင်းခါးတစ်ပွဲပေးပါ" လို့ ပြောလိုက်ရင် မုန့်ဟင်းခါးတစ်ပွဲတော့ ကိုယ့်ရှေ့ ရောက်လာကောင်း ရောက်လာလိမ့်မယ်။ ဒါပေမဲ့ ကိုယ်စားချင်တဲ့ ပုံစံမျိုးတော့ အတိအကျဟုတ်မှာ မဟုတ်ဘူး။ "မုန့်ဟင်းခါးတစ်ပွဲ အိုးဘဲဥ၊ ပဲကြော်နဲ့၊ နံနံပင်မထည့်ဘူး" လို့အတိအကျမှာမှ ကိုယ်စားချင်တာက ကိုယ့်ဆီအတိအကျ ရောက်လာမှာပါ။
Universe (စကြဝဠာ) နဲ့ ဆက်ဆံရေးကလည်း အတူတူပါပဲ။ ကိုယ့်ရဲ့ ဆန္ဒတွေက ယေဘုယျဆန်ပြီး မရှင်းလင်းနေသရွေ့၊ စကြဝဠာကလည်း ကိုယ့်ကို ဘယ်လမ်းကြောင်းကနေ ပို့ဆောင်ပေးရမှန်းမသိဘဲ လမ်းပျောက်နေဦးမှာပါပဲ။ ဒါကြောင့် ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေက လေထဲတိုက်အိမ်ဆောက်သလို မရေမရာဖြစ်နေရင်၊ ရလာဒ်ကလည်း လမ်းပျောက်နေတဲ့ ပဲ့တင်သံတစ်ခုသာ ဖြစ်နေပါလိမ့်မယ်။
"ငါ ချမ်းသာချင်တယ်" လို့ တွေးတာမျိုးအစား… "ဒီနှစ်ကုန်မှာ ငါ့ရဲ့ Content လုပ်ငန်းကနေ အနည်းဆုံး ဝင်ငွေ သိန်း ၁၀၀ ရရမယ်" လို့ တိတိကျကျ ပန်းတိုင်ထားပါ။
"အလုပ်ကောင်းကောင်းတစ်ခုလောက် လိုချင်တယ်" လို့ ရေရွတ်နေမယ့်အစား… "နောက် ၆ လအတွင်းမှာ နာမည်ကြီး Agency တစ်ခုရဲ့ Digital Marketing Manager ရာထူးကို လစာ ၂၅ သိန်းနဲ့ ဝင်နိုင်ရမယ်" ဆိုပြီး အသေးစိတ် သတ်မှတ်ပါ။
ကိုယ်လိုချင်တဲ့အရာကို ရုပ်ရှင်ဇာတ်ညွှန်းတစ်ပုဒ်ရေးသလို အသေးစိတ်မြင်ယောင်နိုင်လေ၊ အဲ့ဒီပန်းတိုင်ဆီရောက်ဖို့ ဘာတွေလုပ်ရမလဲဆိုတဲ့ လမ်းကြောင်းက ပိုပြီးရှင်းလင်းပြတ်သားလေပါပဲ။
၂။ သံသယတွေကို အရင်ရှင်းထုတ်ပါ (Remove Fear and Doubt)
ကိုယ့်ရဲ့ အကြီးကျယ်ဆုံးအိပ်မက်တွေကို စာရွက်ပေါ် ချရေးလိုက်ပြီ။ စိတ်ထဲမှာ အရမ်းလည်း လှုပ်ရှားနေပြီ။ ဒါပေမဲ့ ခဏအကြာမှာ ခေါင်းထဲကို အသံသေးသေးလေးတစ်ခု ဝင်လာတတ်တယ်...
"ငါနဲ့ရော တန်လို့လား..." "ဒါက ဖြစ်နိုင်ပါ့မလား... ငါ့အတွက်တော့ အရမ်းမလွယ်လောက်ပါဘူး..." "တခြားလူတွေက ငါ့ထက်အများကြီး တော်နေတာပဲ..."
ဒီအသံကို "Inner Critic" လို့ခေါ်တယ်။ သူက ကိုယ့်ရဲ့အကြီးမားဆုံးအိပ်မက်တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အဆိပ်အတောက်တစ်ခုပဲ။ သူက ကိုယ့်ရဲ့ Comfort Zone ထဲကနေ အပြင်ထွက်ခွင့်မပေးဘဲ အခွင့်အလမ်းကောင်းတွေကို လက်လွှတ်သွားအောင် တားဆီးတတ်တယ်။
ဥပမာ- အချစ်ရေးမှာ: "ငါက သူ့အတွက် မပြည့်စုံပါဘူး" ဆိုတဲ့ အတွေးနဲ့ ကိုယ့်ဘက်က အရင်လက်ရှောင်လိုက်တာမျိုး။ အလုပ်မှာ: "ဒီ Presentation က ငါနဲ့မဆိုင်ပါဘူး၊ ငါ့ထက်တော်တဲ့သူတွေပဲ ပြောပါစေ" ဆိုပြီး နောက်တွန့်နေတာမျိုးပေါ့။
ဒီလိုအတွေးတွေ ဝင်လာပြီဆိုတာနဲ့ သတိထားပြီး ချက်ချင်းရပ်တန့်ပစ်ပြီး၊ ကိုယ့်ရဲ့ဇာတ်လမ်းကို ကိုယ်တိုင်ပြန်ရေးပါ။ အဲ့ဒီအဆိပ်ရှိတဲ့ အတွေးတွေနေရာမှာ အားဖြစ်စေတဲ့ စကားလုံးတွေနဲ့ အစားထိုးကြည့်ပါ။
"ငါက ဒီအခွင့်အရေးနဲ့ ထိုက်တန်တယ်။ ငါ့မှာ လုပ်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိတယ်" ဒီစကားကို မှန်ကြည့်ပြီး နေ့တိုင်းပြောကြည့်၊ စိတ်ထဲကနေလည်း ကိုယ့်ကိုယ့်ကိုယ်ပြန်ပြောကြည့်။
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုဆိုတာက လေ့ကျင့်ယူလို့ရတဲ့ အရည်အချင်းတစ်ခုပဲ။
၃။ ကိုယ့်အပြုအမူကို ပန်းတိုင်နဲ့ တစ်ထပ်တည်းကျပါစေ (Align Your Behaviour)
အခုပြောမယ့်အချက်ကတော့ Manifestation ရဲ့ 'အသက်သွေးကြော' ပါပဲ။ လူအများစု Manifestation ကိုအလုပ်မဖြစ်ဘူးလို့ ထင်နေကြတဲ့ အဓိကအကြောင်းရင်းက သူတို့က စိတ်ကူးယဉ်ပြီး၊ ဖြစ်ချင်တယ်ဆိုတဲ့ အဆင့်မှာပဲ ရပ်တန့်နေပြီး၊ အရေးကြီးဆုံးဖြစ်တဲ့ 'လက်တွေ့လုပ်ဆောင်ခြင်း' (Action) ဆိုတဲ့ အပိုင်းကို ချန်ထားခဲ့လို့ပါပဲ။ အပေါ်မှာပြောခဲ့သလိုပါပဲ။
Manifestation ဆိုတာ ထိုင်ပြီးဆုတောင်းနေရုံနဲ့ အရာထင်လာမှာမဟုတ်ပါဘူး။ ကိုယ့်အိပ်မက်နဲ့ ထိုက်တန်တဲ့ ACTION တွေကို စတင်လုပ်ဆောင်လိုက်တဲ့အခါမှသာ စကြဝဠာတစ်ခုလုံးက ကိုယ့်အတွက် စတင်လှုပ်ရှားလာမှာပါ။
စာရေးဆရာမ Roxie Nafousi က သူ့ရဲ့ Manifest ဆိုတဲ့စာအုပ်ထဲမှာ ဒီလိုပြောထားပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ "Future Successful You" (အနာဂတ်က အောင်မြင်နေတဲ့ ကိုယ့်ပုံစံ) တစ်ယောက်လို အခုကတည်းက စပြီး နေထိုင်ပြုမူပါတဲ့။
ရာထူးတိုးချင်တာလား? ရာထူးတိုးမဲ့ရက်ကို ဘာမှမလုပ်ဘဲ ထိုင်စောင့်မနေပါနဲ့။ အဲ့ဒီရာထူးနဲ့ ကိုက်ညီတဲ့သူတစ်ယောက်ဖြစ်ဖို့ ဘာ skill တွေဖြည့်ထားမလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲ၊ ဘာတွေထပ်ပြီး သင်ယူလေ့လာဖို့လိုမလဲ အစရှိတဲ့ လိုအပ်တဲ့အချက်တွေကို အခုကတည်းက စလုပ်ပါ။
ကိုယ်ပိုင်လုပ်ငန်းရှင် ဖြစ်ချင်တာလား? ဒါဆို ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်လို တွေးပါ။ မနက်စောစောထပါ၊ စာဖတ်ပါ၊ ကိုယ့်နယ်ပယ်ကလူတွေနဲ့ ချိတ်ဆက်ပါ။ "ငါသာ CEO တစ်ယောက်ဆိုရင် ဒီနေ့ကို ဘယ်လိုအသုံးချမလဲ လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပြီး အချိန်ကိုအကျိုးရှိအောင် အသုံးချပါ။
ဒီလိုနေထိုင်ခြင်းအားဖြင့် ကိုယ့်ရဲ့ အရည်အချင်းတွေ တိုးတက်လာရုံတင်မကဘဲ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကပါ အလိုလို မြင့်တက်လာနိုင်မှာ ဖြစ်ပါတယ်။
၄။ စကြဝဠာရဲ့ စမ်းသပ်မှုတွေကို ကျော်ဖြတ်ပါ (Overcome Tests from the Universe)
ကိုယ်လျှောက်မယ့်ပန်းတိုင်လမ်းက ပန်းခင်းလမ်းကြီး ဖြစ်နေမှာမဟုတ်ပါဘူး။ ချိုင့်တွေ၊ ခွက်တွေ၊ ကျရှုံးမှုတွေ၊ အငြင်းခံရမှုတွေနဲ့ ကြုံရမှာပါပဲ။
ဥပမာ ကိုယ်အရမ်းလိုချင်တဲ့ အလုပ်အင်တာဗျူးကို သွားဖြေတယ်။ အကောင်းဆုံးလည်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ကိုယ့်ကို မရွေးလိုက်ဘူး... အဲ့ဒီအချိန်မှာ စိတ်ထဲမှာ ဘယ်လိုခံစားရမလဲ? "ငါ Manifest လုပ်နေတာတွေ အလကားပါပဲ..." "ငါက တကယ်ကို မတော်လို့နေမှာပါ..." လို့တွေးမိတတ်ကြပါတယ်။
Manifestation မှာ ဒါတွေကို "စမ်းသပ်မှု" (Test from the Universe) လို့ ခေါ်ပါတယ်။ "မင်း ဒီပန်းတိုင်ကို တကယ်ရော လိုချင်ရဲ့လား? ဒီလောက်လေးနဲ့ လက်လျှော့မှာလား?" ဆိုပြီး ကိုယ့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကို စမ်းသပ်နေတာပါ။ တစ်ခါတလေမှာ ကိုယ့်အတွက် ဒီထက်ပိုကောင်းတဲ့ အခွင့်အရေးက ရှေ့မှာစောင့်နေလို့ လမ်းကြောင်းလွှဲပေးတာလည်း ဖြစ်နိုင်ပါတယ်။
အဓိကကတော့ အခက်အခဲကြုံတိုင်း ကိုယ့်တန်ဖိုးကို ကိုယ်တိုင်ပြန်မချနင်းမိဖို့ပါပဲ။ လဲကျတိုင်း ဒါဟာ "ငါ မအောင်မြင်ဘူး" လို့ အဓိပ္ပာယ်ရတာမဟုတ်ဘဲ "ငါ သင်ယူနေရတယ်" လို့ အဓိပ္ပာယ်ရကြောင်း သတိရပါ။
၅။ ကျေးဇူးတင်တတ်တဲ့စိတ်ကို မွေးမြူပါ (Embrace Gratitude)
ဒီအချက်က အရိုးရှင်းဆုံးနဲ့ အစွမ်းထက်ဆုံး အချက်တစ်ခုပါ။ လူတွေက ကိုယ့်မှာ "မရှိ" တာတွေကိုပဲ အာရုံစိုက်နေလေ့ရှိတယ်။
"ငါ့မှာ ကားမရှိဘူး... ငါ့မှာ ပိုက်ဆံမရှိဘူး... ငါ့မှာ...ငါ့မှာ...ငါ့မှာ"
ဒီလို "မရှိ" စိတ် (Scarcity Mindset) က ကိုယ့်ကို ပိုပြီး မပြည့်မစုံဖြစ်စေတဲ့ ခံစားချက်ကိုပဲ ဆွဲဆောင်ပါတယ်။ အဲ့ဒီအစား၊ ကိုယ့်မှာ "ရှိ" နေတဲ့ အရာလေးတွေကို အာရုံစိုက်ကြည့်ပါ။
- ဒီမနက် အသက်ရှင်လျက် နိုးထလာခွင့်ရတာ
- ကိုယ့်ကို စိတ်ပူပေးတဲ့ သူငယ်ချင်းတစ်ယောက် ရှိနေတာ
- ဒီစာကို ဖတ်နိုင်နေတဲ့ အင်တာနက်လိုင်းလေး ရှိနေတာ
- ကျန်းမာစွာ လမ်းလျှောက်နိုင်သေးတာ
ကျေးဇူးတင်တတ်တဲ့စိတ်က "ငါ့ဘဝက ပြည့်စုံနေပါလား" ဆိုတဲ့ ကြွယ်ဝတဲ့စိတ် (Abundance Mindset) ကို မွေးဖွားပေးပြီး ကိုယ့်ဆီကိုလည်း အခွင့်အလမ်းကောင်းတွေ ထပ်ပြီး ဆွဲဆောင်ပေးနိုင်ပါတယ်။
၆။ မနာလိုမှုကို ခွန်အားအဖြစ် ပြောင်းလဲပါ (Turn Envy into Inspiration)
Social Media သုံးနေတုန်း ကိုယ်နဲ့ရွယ်တူတစ်ယောက် အောင်မြင်နေတာတွေ့ရင်၊ ကိုယ်လိုချင်တဲ့ဘဝမျိုးကို သူများအရင်ရောက်သွားတာမြင်ရင် အားကျစိတ်၊ ဝမ်းနည်းစိတ် ဝင်လာတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲ့ဒီခံစားချက်ကို "မနာလိုမှု" (Envy) ဆိုတဲ့ အဆိပ်ဖြစ်မသွားအောင် သတိထားရပါမယ်။ မနာလိုမှုက ကိုယ့်ရဲ့စွမ်းအင်တွေကို အောက်ဆုံးထိ ဆွဲချတတ်ပါတယ်။
ဒါကြောင့် အဲ့လိုမဖြစ်အောင် ကိုယ့်ရဲ့ Mindset ကို Reframe ပြန်လုပ်ကြည့်ပါ။
"သူကတော့ ကံကောင်းပြီး ငါကတော့ ကံဆိုးလိုက်တာ" လို့တွေးမဲ့အစား "သူတောင်ဖြစ်နိုင်သေးတာပဲ ငါရောဘာလို့မဖြစ်နိုင်ရမှာလဲ" လို့ တွေးသင့်ပါတယ်။
တကယ်တော့ တစ်စုံတစ်ယောက်ရဲ့ အောင်မြင်မှုက ကိုယ့်အတွက် အခွင့်အလမ်းတွေ ကုန်ဆုံးသွားပြီလို့ အဓိပ္ပာယ်မရပါဘူး။ သူတို့က ကိုယ့်ရှေ့ကနေ "ဒီလမ်းကို သွားလို့ရတယ်" လို့ သက်သေပြပေးနေသူတွေပါ။ သူတို့ကို မနာလိုမဲ့အစား သူတို့ဆီကနေ သင်ယူပြီး ကိုယ့်အတွက် ခွန်အားအဖြစ် ပြောင်းလဲလိုက်ပါ။
၇။ စကြဝဠာကို ယုံကြည်ပြီး လွှတ်ချပါ (Trust in the Universe)
နောက်ဆုံးနဲ့ အခက်ခဲဆုံးဖြစ်နိုင်တဲ့ အဆင့်ကတော့ "Letting Go" ပါ။ ကိုယ်လုပ်ရမယ့်အပိုင်း (Action ယူတာ၊ ကြိုးစားတာ) အကုန်လုပ်ပြီးပြီဆိုရင် ရလဒ်ကို အတင်းကြီး စိုးရိမ်တကြီး မျှော်လင့်မနေပါနဲ့တော့။
"ဘယ်တော့များ ဖြစ်လာမှာလဲ? ဘာလို့မရသေးတာလဲ?"
ဒီလို အတင်းအကျပ် ဖိအားပေးလေလေ၊ စိုးရိမ်ပူပန်လေလေ၊ ကိုယ့်ရဲ့ Manifestation က ပိုပြီး နှောင့်နှေးလေလေပါပဲ။ ဒါကို ပန်းပင်စိုက်တာနဲ့ တူတယ်လို့ မြင်ကြည့်ပါ။ မျိုးစေ့ချ၊ ရေလောင်းပြီးရင် အပင်ပေါက်လာဖို့ ယုံကြည်မှုနဲ့ စောင့်ရပါတယ်။ နေ့တိုင်း မြေကြီးကို ပြန်တူးဆွပြီး "အမြစ်ပေါက်ပြီလား" လို့ စစ်နေရင် အဲ့ဒီအပင် သေသွားနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က လုပ်စရာရှိတာ အကောင်းဆုံးလုပ်ပြီးရင် ကျန်တာကို စကြဝဠာရဲ့ အချိန်ကိုက်စီစဉ်မှုပေါ်သာ ယုံကြည်ထားလိုက်ပါ။
"ငါနဲ့ထိုက်တန်တဲ့အရာတွေဟာ ငါ့အတွက် အသင့်တော်ဆုံးအချိန်မှာ အကောင်းဆုံးပုံစံနဲ့ ရောက်လာလိမ့်မယ်။"
ဒီယုံကြည်ချက်ကို ရင်ထဲထည့်ပြီး စိတ်ကို ပေါ့ပေါ့ပါးပါး ထားလိုက်ပါ။
အနှစ်ချုပ်
နောက်ဆုံးတော့ Manifestation ဆိုတာ ထိုင်ဆုတောင်းနေတဲ့ မှော်ပညာမဟုတ်ပါဘူး။ ဒါဟာ
• ရှင်းလင်းတဲ့ ပန်းတိုင် ထားပြီး၊
• ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့၊
• နေ့စဉ် အပြုအမူ (Action) တွေကနေတစ်ဆင့်၊
• ကိုယ့်အိပ်မက်တွေကို လက်တွေ့ဘဝထဲ တက်ကြွစွာ ဆွဲခေါ် ယူရတဲ့ ဘဝနေထိုင်မှုပုံစံတစ်ခု ဖြစ်ပါတယ်။
ဒီအချက် ၇ ချက်ကို စာဖတ်သူတို့ရဲ့ ဘဝထဲမှာ လက်တွေ့ထည့်သွင်းပြီး အိပ်မက်တွေကို အခုပဲ အကောင်အထည်ဖော်မယ်ဆိုရင် ဘဝရဲ့ အကောင်းဆုံးဗားရှင်းက အနာဂတ်မှာ အသင့်စောင့်ကြိုနေမှာပါ။
Comments
Post a Comment